Wednesday, November 19, 2008

ချက်ကြီးအတွက် တင်သည့် ပို့စ်




ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံးဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာစကားစမည် ပြောဆိုခြင်းဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန် စောင့်စရာမလိုပဲ ချက်ချင်းတုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က

ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့ကမည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။

မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေးဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူပိုလီကျောင်းတက်နေ သူစတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများမည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ် အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှမှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။

မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာချက်ရွမ်းတွင် မြန်မာစာ ကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာအသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုးပေါ်ထွက်လာလေ၏။

"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
"hote te lay. Ah lote shote nay de."

ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်းရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ လော့ဂ် အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီကမက်ဆေ့ခ်ျတွေ ၀င်လာတယ် ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကိုစကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာဒေါင်းနေ ခြင်း မျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိအလွမ်းသင့်သူနှင့်တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်းရှိသွား နိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်းကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညကအချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်းလိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကိုရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။ ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်းအများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
--~--~---------~--~----~------------~-------~--~----~

2 comments:

pandora said...

ဒီပို့စ်ဟာ ပန်ဒိုရာ ၂၀၀၇ ဧပြီက ရေးခဲ့တဲ့ပို့စ်ဖြစ်ပါတယ်။ ဘလော့ဂ်ကို လာလည်ပြီး ရှင်းပေးစေလိုပါတယ်။

http://pandora-and-pandora.blogspot.com/2007/04/blog-post_30.html

http://pandora-and-pandora.blogspot.com/2008/12/blog-post.html

ကိုရုပ်ဆိုး said...

ဟုတ်တယ်ဗျ .. ပန်ဒိုရာ ဘလော့ဂ်မှာ တင်ပြီးသားချည်း။ အီးမေးလ်ကတဆင့်ရလို့ ဖော်ပြချင်ရင်လည်း .. အီးမေးလ်ကတဆင့်ရလို့ တင်လိုက်ပါသည်လို့ ရေးပေးစေချင်တယ်။ အခု ပန်ဒိုရာ ဘလော့ဂ်ကမှန်းသိတဲ့အချိန်မှာလည်း သူ့ဘလော့ဂ်နာမည်လေးကို ဖော်ပြပေးစေချင်ပါတယ်။ လေးစားသမှုနဲ့ပေါ့...။