Wednesday, November 19, 2008

mp3.mmblogs.net အမှတ်တရ

(၁)လမှာအနည်းဆုံး(20)ခန့်ထွကနေတဲ့ မြန်မာသီချင်း တော်တော်များများကို အကုန်နီးပါးဝယ်ယူရရင် ငွေတော်တော်ကြီးကိုကုန်နိုင်သည်။ဒီကြားထဲ ကောင်းတယ်ပြောလို့ (ကြော်ငြာအားကောင်းလွန်းလို့) ၀ယ်လာခဲ့တဲ့အခွေ အိမ်ရောက်နားထောင်ပြီးတော့မှ မကြိုက်တာနဲ့မကောင်းတာနဲ့ဆိုရင် သီချင်းခွေဝယ်ရတဲ့ အလုပ်ကတော်တော်လေးကို ကသီနိုင်မဲအလုပ်ဖြစ်၏။ ၀ယ်ပြီးသားအခွေ ထစ်ရင်ထောက်ရင် သာပြန်လဲပေး သည်။ဝယ်သွားပြီး အိမ်ရောက်မှ မကြိုက်လို့ဆိုတဲ့အခွေကိုတော့ မည်သည့်ဆိုင်ကမှ ပြန်လဲပေးသည်ဟုလည်း မကြားဖူးသေး..။ဒီတော့ သီချင်းကို ခံစားဖို့ အပန်းဖြေဖို့ဝယ်မယ်ဆိုရင် ဆုံးဖြတ်ချက်မှန်ဖို့က တော်တော်ကြီးကို ရဲရင့်ရမဲ့ ဒုက္ခပေပဲ။

ကျွန်တော်မှာလည်း အရင်က ဒီဒုက္ခတွေရှိခဲ့ပါတယ်...။အရင်ကကျွန်တော်အလုပ်လုပ်တဲ့ စာစီစာရိုက် ဆိုင်ကလေးက Mp3လည်း တစ်ခါတစ်လေသွားပေးရတော့ Mp3အခွေအသစ်ထွက် ရင်တော်တော် များများကို ၀ယ်ဖြစ်ပါတယ်...။အချို့ ပရိသတ်ကြားမှာ ရေပန်းစားပေါက်ရောက်သွားတဲ့ အခွေတွေကတော့ အရင်းကြေ အမြတ်ရပေမဲ့ တစ်ခါတစ်လေ အခွေသစ်ဝယ်ထားတယ် ဒီအဆိုတော်အသစ်လေးရဲ့ ခွေသစ်သစ် ချွတ်လေး ထွက်တယ်ဆိုတာကို ကိုယ်ပြောမှ လာသွင်းတဲ့သူက သိရတဲ့အခါ မျိုးတောင်ရှိသေးတယ်..။ ဒါမျိုးကိုတစ်ချို့ ဆိုင်တွေဆိုရင် ရောင်းရပြီးရော ကောင်းတယ်အတင်းယူလုပ်နေ တာ... တော်တော်လေးကိုလည်းတတ်နိုင်ပါ့..။ ကျွန်တော်ကတော့အမှန်အတိုင်းပဲရောင်းပါတယ်..ကောင်းတဲ့အခွေကိုလည်းကောင်းတယ်ပြောပြီးတော့ တစ်ကယ်မကောင်းတဲ့အခွေကလည်း မကောင်းဘူးပေါ့..။ဒါကြောင့်လည်း ဗိုလ်ချုပ်လမ်းက ကျွန်တော်ဆိုင်ကလေးက တော်တော်လေးကို လူစည်ခဲ့ဖူးတယ်...(တော်တော်လေးတော့ ကြာခဲ့ပါပြီ....) လာသွင်းတဲ့အထဲမှာလည်း ဖုန်းကြီးတွေက အများဆုံးပဲလေ...။တတ်လည်းတတ်နိုင်တဲ့ ဦးဇင်းတွေဗျား..တစ်ချို့တစ်လေများဆို JXD၀ယ်ကိုင်ပြီး moviesမှ ကြည့်တာဆိုပဲဗျ.. ဟဲ..ဟဲ..။အဲ..နောက်တော့ လုပ်ငန်းပထမအဆင့်တိုးချဲ့တဲ့အနေနဲ့ ကွန်ပြူတာ(၂)လုံးကို အင်တာနက်(ADSL)ချိတ်ပေးတယ်နောက်ပြီးတော့ ... DV lottery စလုပ်ကြတယ်...။အင်း.. ကျွန်တော်စပြောမဲ့အကြောင်းကလည်း အဲဒီကစမှာပါခင်ဗျ... ။ :P

အင်တာနက်နဲ့ ကမ္ဘာပတ်နေတဲ့ ခေတ်ကြီးမှာ ဗြုံးစားကြီးကို အင်တာနက်က ကိုယ်ရှေ့ရောက်လာတော့ ကျွန်တော်လည်း မျောက်အုံးသီးရတယ် ဆိုတဲ့အတိုင်း နေ့တိုင်းကို ၀င်ဝင်ကလိဖြစ်ခဲ့ပါတယ်...။မြန်မာ websiteတော်တော်များများနဲ့ ရင်းနှီးခဲ့ပြီးတဲ့အချိန်ကျမှ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးခဲ့လို့ mp3.mmblogs.net ဆိုတဲ့ Wordpress လေးနဲ့စတင် မိတ်ဆက် အသုံးပြုဖြစ်ခဲ့ပါတယ်...။ သီချင်းဖိုင်တော်တော်များများရဲ့ ကောင်းမွန်တဲ့အသံ၊ ဒေါင်းလုပ်ဆိုရာတွင် အခက်အခဲမရှိစေရန်(တစ်ခုမရ
တစ်ခု အစီအစဉ်ဖြင့်) လိုင်းပွားများဖြင့်တင်ပေးသော စနစ်။ပြီးတော့ အခါအားလျှော်စွာ အပြင်တွင်ပေါက်နေသော အခွေများထဲမှ သီချင်းများကို (ကောင်းရင်ကောင်းသလို) တစ်ပုဒ်ချင်းစီတင်ပေးတဲ့ ပုံစံလေးတွေကြောင့် သီချင်းတော်တော်များများကို mmblogs.net မှ ဆွဲဖြစ်ခဲ့တာများပါသည်...။ အခွေဝယ်ရတဲ့အခက်အခဲလည်းတော်တော်လေးကို နည်းပါး(မရှိသလောက်ကို)ဖြစ်သွားပါပြီ...။ ထို့ကြောင့် ပထမ အကြိမ် အနေ နှင့် mmblogs.net ကိုကျေးဇူးတင်ရမည်ဖြစ်ပါသည်...။mmblogs.net၏ အပြည့်အ၀ကျေးဇူးများကိုပြောပါဆိုရင် ဒီထက်များပါသေးသည်...။သီဆိုသူ ကျား/မ အစဉ်လိုက်ရှိမှု..။ တေးသံရှင်တော်တော်များများ၏ သီချင်းတော်တော်များများကြီးကိုစုံလင်မှု..။တစ်ခါတစ်လေ တေးစီးရီး ပုံစံမဟုတ်ပဲ အပြင်တွင်ပေါက်နေသော သီချင်းများကို တင်ပေးထားခြင်းပင်ဖြစ်သည်..။ဥပမာဆိုလျှင် မျိုးကြီး ရဲ့ မြန်မာဘီယာသီချင်းလေ... :P.ဟိုးအရင်အရင်ကပေါက်ခဲ့သော တစ်ပုဒ်စနှစ်ပုဒ်စဇတ်ဝင်တေးများကို ပြန်လည် တင်ထားပေးခြင်းမျိုးကလည်း ရှိပါသေးသည်...။တော်တော်ကို ကျေးဇူးတင်ဖို့ ကောင်းနေပါပြီတကား..။သီချင်း Postများကိုမှန်မှန်တင်ပေးသော ကိုကိုလူချော/မမချောချောတို့ ဘေးဘယာဝေးကွာပြီး ကျန်းမာ နိုင်ကြပါစေဗျာ...။ယခုတော့ နောက်ဆုံးအနေနဲ့ကျေးဇူးတင်ရမဲ့ ကျွန်တော်ကို Memberအဆင့်တိုးမြင့်ပေးခြင်း ကိုပါပဲ...။ကျွန်တော်member ဖြစ်တာနဲ့ အညီနောက်ပိုင်းကျွန်တောဆီတွင်ရှိ သောရှားပါးသီချင်း များကိုလည်းတင်ပေးပါအုံးမည်ခင်ဗျာ...။တစ်ကယ်ကိုနောက်ဆုံး အနေနဲ့ ပြောချင်တာက တော့ ကျွန်တော်ဟာ မောင်မိုးညို ဖြစ်တယ်ဆိုတာရယ်.../ကျွန်တော်ရှိမဲ့ Blogကတော့http://lifesforall.blogspot.com ဆိုတဲ့အကြောင်း...နဲ့
အားလုံးကို...ကျေးဇူးတင်ပါတယ် ...ခင်ဗျာ...။

~မိုးညို~(planet)

ချက်ကြီးအတွက် တင်သည့် ပို့စ်




ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံးဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာစကားစမည် ပြောဆိုခြင်းဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန် စောင့်စရာမလိုပဲ ချက်ချင်းတုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က

ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့ကမည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။

မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေးဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူပိုလီကျောင်းတက်နေ သူစတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများမည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ် အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှမှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။

မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာချက်ရွမ်းတွင် မြန်မာစာ ကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာအသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုးပေါ်ထွက်လာလေ၏။

"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
"hote te lay. Ah lote shote nay de."

ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်းရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ လော့ဂ် အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီကမက်ဆေ့ခ်ျတွေ ၀င်လာတယ် ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကိုစကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာဒေါင်းနေ ခြင်း မျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိအလွမ်းသင့်သူနှင့်တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်းရှိသွား နိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်းကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညကအချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်းလိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကိုရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။ ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်းအများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
--~--~---------~--~----~------------~-------~--~----~

Sunday, November 16, 2008

နှင်းတွေအရမ်းကျတဲ့ ဒီဇင်ဘာနဲ့ ချယ်ရီများအကြောင်း



အော်....
နေ့ကိုလစား၊လကိုနှစ်စားသွားလိုက်တာ .. အခုဆိုရင် နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ ဒီဇင်ဘာတောင်ရောက်တော့မယ်နော်.... ။ကျွန်တော်လည်း အလုပ်ကိုလုပ်လိုက်မလုပ်လိုက်နဲ့ နောက်ဆုံးတော့
တစ်နှစ်တောင်ကုန် သွားတော့မှာပါလားနော်...။ကျွန်တော်အရမ်းချစ်တဲ့ ရာသီ ကျွန်တော်နဲ့ အရမ်းတဲ့တဲ့ ကျွန်တော်မွေးလလေးတောင်ရောက်တော့မယ်လေ....။ အရမ်းပျော်တယ်ဗျာ...
ဒီဇင်ဘာတိုင်းမှာ ပျော်ခဲ့တယ်....၊ နောက်ရောက်နိုင်အုံးမယ်ဆိုရင်လည်း ရောက်မဲ့ ဒီဇင်ဘာတွေတိုင်းမှာလည်းပျော်နေအုံးမှာပါပဲ...။သေချာပါတယ်...

ကျွန်တော်အရမ်းချစ်တဲ့ ဒီဇင်ဘာလ Japan ပြည်ကြီးမှာ ဒီအချိန်ဆိုရင် ချယ်ရီပန်းတွေ ဖွေးဖွေးလှုပ်ပွင့်နေပြီလေ...
ချယ်ရီဆိုတာကိုကလည်း သူတို့နိုင်ငံရဲ့ ပြယုဂ်တစ်ခုပဲလေ....
အရမ်းလှတယ်... ချယ်ရီတွေပွင့်နေတဲ့ Japan ပြည်ကြီးက ဒီအချိန်ဆိုရင်လေ..
ကျွန်တော်တို့ မြန်မာပြည် တောင်ကြီးမြို့ မှာဆိုရင်လည်း ဒီလိုပဲလေ..၊ ကြုံလို့ပြောရအုံးမယ်..
ကျွန်တော် အဖေကိုက တောင်ကြီးမှာ မွေးတာလေ... အမျိုးတွေလည်း အဲဒီမှာ အများကြီးရှိတယ်....
အရင်ကတော့ နှစ်တိုင်းလိုလို တန်ဆောင်တို်င်ဆိုရင်သွားဖြစ်ပါတယ်... အခုနောက်ပိုင်းတော့
အဖေကလည်း သူ့အလုပ်နဲ့သူ မအားလို့ထင်ပါတယ်.....ထားပါလေ...
အခုPost မှာကျွန်တော် အဓိကပြောချင်တာက ချယ်ရီအကြောင်းပါ....
ကျွန်တော်လည်း ချယ်ရီကိုတော်တော်ကြိုက်တယ်..ဗျ...

ဒါကြောင့် ကျွန်တော် Blog ကိုလာဖတ်ဖြစ်တဲ့ မိတ်ဆွေတွေထဲမှာလည်း ချယ်ရီကို ကြိုက်တဲ့ မိတ်ဆွေတွေများရှိမယ်ဆိုရင် ကျွန်တော်ဆီမှာရှိတဲ့ ချယ်ရီပုံလေးတွေကို Share ချင်ပါတယ်...
အားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်...

ကျွန်တော် Post ကိုဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...

Thz alot..
~မိုးညို~(Planet)